July 17, 2023

ဝမ်းနည်းမှုကို ရင်ဆိုင်ကျော်လွှားပါ

ဆောင်းပါးတိုများ
,
4.4
MB
,
1 language

ကလေးတို့ ဝမ်းနည်းတယ်ဆိုတဲ့ခံစားချက်ကို ခံစားလာရတဲ့အခါ ဘယ်လိုရင်ဆိုင်ကျော်လွှားမလဲ ဆိုတဲ့အကြောင်း ပြောပြပေးသွားမယ့် ဆောင်းပါးတို

ကိုယ်အရမ်းကြိုက်တဲ့ ပစ္စည်းလေး ပျောက်သွားတဲ့အခါ… ကိုယ်ချစ်ရတဲ့သူ တစ်ယောက်ယောက် မရှိတော့တဲ့အခါ အဖြစ်အပျက်ကို လက်မခံနိုင်တာမျိုး၊ တစ်ခါတလေ ဒေါသထွက်ပေါက်ကွဲမိတာမျိုး ဖြစ်တတ်ကြပါတယ်။ နည်းနည်း ကြာလာတော့ ဒေါသစိတ်ပြေသွားပြီး ကိုယ်ဆုံးရှုံးသွားတဲ့သူ ဒါမှမဟုတ် အရာကို တကယ်ပဲ ပြန်မရတော့ဘူးဆိုတာ သိလာတဲ့အခါ ရင်ထဲမှာ ခံစားချက်မျိုးစုံ ပေါ်လာတတ်တယ်နော်။ အဲဒါက တကယ်တော့ ဝမ်းနည်းပူဆွေးတဲ့ ခံစားချက်တွေပါပဲ။

လူတစ်ယောက်နဲ့တစ်ယောက် ဝမ်းနည်းတာကို ခံစားရတဲ့ပုံစံချင်းလည်းမတူကြဘူး။ အဲဒီစိတ်က ချက်ချင်းပေါ်လာ ပြီးတာနဲ့ ပြန်ပြီးပြေပျောက်သွားတာမျိုးမဟုတ်ဘဲ အချိန်အကြာကြီး ခံစားရတတ်တာမျိုးပါ။  အဲဒီအခါ ပင်ပန်းနေ သလို၊ အားမရှိသလို၊ ရင်ထဲမှာ လည်ပင်းထဲမှာ တစ်ဆို့ဆို့ နင်နေသလိုမျိုး၊ ရင်တုန်ပန်းတုန်ဖြစ်တာတွေ ကြုံတွေ့ရ တတ်ပါတယ်။ စိတ်ထဲမှာလည်း နောင်တစိတ်တွေ၊ အပြစ်ရှိသလို ခံစားချက်တွေ၊ စိုးရိမ်စိတ်တွေ မျှော်လင့်ချက်မဲ့သွားသလိုမျိုးတွေ ဖြစ်တတ်တယ်။ ဒီလိုတွေဖြစ်လာပြီဆိုရင် အဲဒီခံစားချက်တွေ ကြာရှည်စွဲမြဲမနေစေဖို့ အဖြစ်အပျက်တွေကို ရင်ဆိုင်နိုင်ဖို့အတွက် ဒီလိုနည်းလမ်းလေးတွေ သုံးကြည့်ကြမယ်နော်။  

  • ပထမဆုံးအနေနဲ့ အဖြစ်အပျက်ကို၊ ကိုယ်ရဲ့ဝမ်းနည်းစိတ်ကို သိပြီးလက်ခံနိုင်ဖို့ အရေးကြီးပါတယ်။ ခံစားချက် ကို လက်ခံနိုင်လာတဲ့အထိ အချိန်ယူကြိုးစားကြည့်ပါနော်။
  • ပြီးရင် ကိုယ့်ခံစားချက်တွေကို ချရေးကြည့်တာ၊ ပုံလေးတွေဆွဲကြည့်တာ၊ အမှတ်တရပစ္စည်းလေးတွေ စုဆောင်းသိမ်းဆည်းတာမျိုး လုပ်ကြည့်ပါ။
  • ကိုယ်စိတ်ပျော်တာလေးတွေလုပ်ရင်း အချိန်ကုန်ဆုံးစေလို့လည်း ရပါတယ်။ ဥပမာ - ဟင်းချက်တာတို့၊ ရုပ်ရှင်ကြည့် သီချင်းနားထောင်တာတို့ပေါ့။
  • ဒါတွေဒီလိုဖြစ်နေတာ… ငါကတော့ ဘာမှမဖြစ်သလို ဆက်နေနိုင်တယ်၊ ပျော်နေနိုင်တယ်ဆိုပြီး မတွေးနဲ့နော်။ အဲဒီအချိန်မှာလည်း ကိုယ်လုပ်နေကျအရာတွေ ဝါသနာပါတာတွေ ဆက်လုပ်နေဖို့လိုပါတယ်။
  • စိတ်ပေါ့ပါးသွားအောင် သူငယ်ချင်းနဲ့ စကားပြောကြည့်တာမျိုး လုပ်ကြည့်ပါ၊ ဒါမှမဟုတ် တစ်ယောက်တည်း သီးသန့်ခဏနေကြည့်လို့လည်း ရပါတယ်။
  • ဒီလိုခံစားချက်တွေ အများကြီး တပြိုင်တည်းခံစားရတာဟာ သဘာဝပါပဲ၊ ဒီလိုတော့ မဖြစ်သင့်ဘူး၊ ဘယ်လိုပဲ ဖြစ်သင့်တယ်ဆိုတာမျိုးတွေ မရှိဘူးဆိုတာသိထားရမယ်နော်။ အဲဒါကြောင့် အားလုံးကို တစ်ခါတည်းဖြေရှင်း ဖို့ မကြိုးစားပဲ ခံစားချက်တစ်ခုချင်းစီတိုင်းကို လက်ခံနိုင်အောင်ကြိုးစားပြီး ရင်ဆိုင်ဖြေရှင်းကြည့်ပါ။
  • အရမ်းခံစားလာရတဲ့အခါ သူများကို အကူအညီတောင်းဖို့လည်း မစိုးရိမ်ပါနဲ့။ ဒါဟာ ရှက်စရာ၊ အားငယ်စရာ ကိစ္စတစ်ခုမဟုတ်ပါဘူး။ အားကိုးရတဲ့ စိတ်ချရတဲ့သူတွေဆီမှာ အကူအညီတောင်းပါ၊ ရင်ဖွင့်ပါ။  
  • ဒီလိုခံစားရတာဟာ ကိုယ်တစ်ယောက်တည်းလည်းမဟုတ်ဘူး၊ တခြားသူတွေလည်း ကြုံတွေ့ဖူးကြတယ် ဆိုတာ မမေ့ပါနဲ့။

သားသားမီးမီးတို့မှာ ဒီလိုဝမ်းနည်းပူဆွေးတဲ့ ခံစားချက်တွေရှိလာခဲ့ရင် အပေါ်မှာပြောခဲ့တဲ့ နည်းလမ်း တွေ သုံးပြီး စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ အတူတူ ရင်ဆိုင်ကျော်လွှားကြစို့နော်။

We want to hear from you.

Your feedback will be kept private.
Thank you! Your submission has been received!
Oops! Something went wrong while submitting the form.
အနောက်သို့သွားရန်