August 7, 2023

စိတ်ပျော်ရွှင်ကျန်းမာခြင်းနဲ့ သူငယ်ချင်းတွေအကြားက ဖေးမကူညီမှု

ဆောင်းပါးတိုများ
,
4.4
MB
,
1 language

သားသားမီးမီးတို့နဲ့ သူငယ်ချင်းတွေအကြားမှာ အချင်းချင်းကူညီဖေးမပေးခြင်းဟာ စိတ်ပျော်ရွှင်ကျန်းမာရေးကို ဘယ်လို အကျိုးသက်ရောက်စေသလဲဆိုတာ ပြောပြပေးသွားမယ့် ဆောင်းပါးတို

သားသားမီးမီးအားလုံး ခံစားချက်အမျိုးမျိုးကို နေ့တဓူဝခံစားရတတ်တာ ပုံမှန်ပါပဲ။ ဒါပေမယ့် ဒီလိုခံစားလာရတဲ့အခါ ကိုယ့်မိဘ၊ သူငယ်ချင်းတွေကို ဒီခံစားချက်တွေအကြောင်း ပြောပြဖို့ဆိုတာ ထင်သလောက် လွယ်ကူမနေဘူးမဟုတ်လား။ သူတို့တွေက ဒီခံစားချက်တွေကို ပျက်ရယ်ပြုမလား၊ သူတို့ စိတ်ရှုပ်သွားမလား၊ တခြားသူတွေကို လျှောက်ပြောမှာလား စသည်ဖြင့် စိတ်ပူတတ်ကြပြန်ရော … ။

သားသားမီးမီးတို့မှာ ဒီလိုခံစားချက်တွေ ရှိသလို၊ သူငယ်ချင်းတွေထဲမှာလည်း အခုလိုခံစားနေရတဲ့သူတွေ ရှိကြမှာပဲနော်။ ဒီလိုခံစားချက်တွေရှိလာတဲ့အခါ သူငယ်ချင်းမိတ်ဆွေအချင်းချင်း အပြန်အလှန်နားထောင်ပေးပြီး ဖေးမကူညီဖို့ တကယ်ပဲလိုအပ်ပါတယ်။ ဒီလိုအပြန်အလှန်ကူညီနိုင်ဖို့ဆိုရင် ဘယ်အချက်တွေက အရေးကြီးလဲဆိုတာ အောက်မှာပြောပြသွားမယ်နော် … ။

ပထမဆုံးအနေနဲ့ သူငယ်ချင်းမိတ်ဆွေအချင်းချင်း ယုံယုံကြည်ကြည်ရင်ဖွင့်နိုင်ဖို့ဆိုရင် ဘေးပတ်ဝန်းကျင် အနှောင့်အယှက်မရှိဘဲ ဆိတ်ငြိမ်တဲ့နေရာတစ်ခုတော့ လိုအပ်တာပေါ့။ ဒီလိုတိတ်ဆိတ်ပြီး စိတ်သက်သောင့် သက်သာဖြစ်စေမယ့်နေရာဖြစ်နေမှ ကိုယ့်ခံစားချက်ကို ကောင်းကောင်းမွန်မွန်ပြောပြနိုင်မှာပါ။ နောက်တစ်ခု အရေးကြီးတာကတော့ ဒီလိုခံစားချက်တွေခံစားနေရတဲ့ သူငယ်ချင်းကို နှစ်သိမ့်ပေးဖို့ပါ။ ဒီခံစားချက်တွေက အမြဲတမ်းကြီးခံစားနေရမှာ မဟုတ်ကြောင်း၊ ဒီလိုခံစားနေရတာ ကိုယ်တစ်ယောက်တည်းမဟုတ်ကြောင်း သူနားလည်အောင် ရှင်းပြပေးသင့်ပါတယ်နော် … ။

ရင်ဖွင့်လာတဲ့ခံစားချက်တွေကို နားထောင်ပေးတဲ့အပြင် ဒီစိတ်ခံစားချက်တွေ သက်သာရာရစေမယ့် ကိစ္စတွေ အတူတူလုပ်ပေးလို့လည်းရတယ်နော်။ ဥပမာ - တူတူကစားတာ၊ ရုပ်ရှင်တူတူကြည့်တာမျိုးပေါ့။ ဒါ့အပြင် သူတို့ကြိုက်တတ်တဲ့အရာလေးတွေ လက်ဆောင်ပေးတာ၊ စိတ်ပျော်စေမယ့် စာလေးတွေ ပို့ပေးတာမျိုးကလည်း အထောက်အကူဖြစ်စေတာပါပဲ။ ဒီလိုနည်းနဲ့ အပြန်အလှန်အကူအညီပေးခြင်းဟာ သားသားမီးမီးတို့နဲ့ သူငယ်ချင်းတွေရဲ့ စိတ်လူမှုဆိုင်ရာပြည့်စုံကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမှာအမှန်ပါ။

တခါတလေကျပြန်တော့ ကိုယ်ခံစားနေရတဲ့အရာတွေက နားလည်တတ်ကျွမ်းတဲ့သူတွေရဲ့ အကူအညီလိုအပ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင်လည်း လိုအပ်တဲ့ အကူအညီရအောင် အပြန်အလှန် လိုက်ကူပေးတာမျိုး၊ အဖော်လုပ်ပေးတာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။ ဒီလိုနည်းတွေနဲ့ စိတ်မှာဖြစ်နေတဲ့ ခံစားချက်တွေ သက်သာရာရအောင် အပြန်အလှန်ကူညီပေးလို့ရတယ်ဆိုတာ မမေ့နဲ့နော်။

We want to hear from you.

Your feedback will be kept private.
Thank you! Your submission has been received!
Oops! Something went wrong while submitting the form.
အနောက်သို့သွားရန်