August 7, 2023

ပူပန်ကြောင့်ကြစိတ်ကို လျှော့ချရအောင်

ဆောင်းပါးတိုများ
,
4.4
MB
,
1 language

ဖေဖေမေမေတို့ စိတ်ပူပန်ကြောင့်ကြမှုကို ခံစားလာရတဲ့အခါ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ ဆိုတာ ပြောပြပေးထားတဲ့ ဆောင်းပါးတို

ပူပန်ကြောင့်ကြစိတ်ဆိုတာ လူတိုင်းလူတိုင်း တစ်ချိန်မဟုတ်တစ်ချိန် ကြုံတွေ့ရတဲ့ စိတ်ခံစားချက် တစ်ခုပါပဲ။ ဖြစ်လာတဲ့အပြောင်းအလဲတွေကို လက်မခံနိုင်တာ၊ မသေချာ မရေရာတဲ့ အနာဂါတ်အတွက် ကြောက်ရွံ့စိုးရိမ် တာ၊ စိတ်ပျက်အားငယ်မိတာ၊ ကိုယ်နဲ့ ကိုယ့်မိသားစု ဘေးအန္တရာယ်ဖြစ်မှာစိုးရိမ်တာ စသဖြင့် အကြောင်း အရာအမျိုးမျိုးဟာ ပူပန်ကြောင့်ကြစိတ်ကို ဖြစ်ပေါ်လာစေတဲ့ အခြေခံအချက်တွေပါ။

ဘဝနဲ့ပတ်သက်တဲ့ စိတ်ဖိစီးစရာကိစ္စတွေနဲ့ ကြုံလာတဲ့အခါ ပူပန်ကြောင့်ကြစိတ်ဆိုတာ အလိုအလျောက် ပေါ်လာတဲ့ ခံစားချက်တစ်ခုဖြစ်ပြီး ဒါဟာ ဖြေရှင်းထိန်းချုပ်လို့ရတဲ့အရာတစ်ခုပါ။ ပူပန်ကြောင့်ကြစိတ်တွေ ကို လျှော့ချဖို့မလုပ်ခင် အရင်ဆုံးအနေနဲ့ ဒါဟာမထူးဆန်းဘူး၊ သဘာဝကျတဲ့ စိတ်ခံစားချက်တစ်ခုပဲ ဆိုတာ ကို လက်ခံနိုင်ဖို့ လိုပါတယ်။ ဒီလိုလက်ခံနိုင်လေလေ ပူပန်စိတ်လျော့နည်းအောင်လုပ်ဖို့ ပိုလွယ်ကူလေလေ ပါပဲ။ ဘက်ပေါင်းစုံက သတင်းတွေရောပြွမ်းပြီး တွေ့မြင်ကြားရတဲ့အခါမျိုးမှာလည်း အရမ်းကိုစိတ်ဖိစီးလာ တတ်တာကြောင့် သတင်းနားထောင်တာ ဖတ်တာတွေကို အချိန်အကန့်အသတ်နဲ့ လုပ်ဖို့ လိုအပ်ပါတယ်။ နေ့စဉ်ဘဝမှာ အကြောင်းကြောင်းကြောင့် ပူပန်ကြောင့်ကြစိတ်တွေ ဖြစ်လာပြီဆိုရင်တော့ ဒီလိုနည်းလမ်း လေးတွေကို သုံးပြီး စိုးရိမ်စိတ်တွေကို လျှော့ချလို့ရပါတယ်။

အာရုံလွှဲကြည့်ပါ - ကိုယ်မတတ်နိုင်တဲ့အခြေအနေတွေကိုပဲ အာရုံစိုက်နေမယ့်အစား ကိုယ်အမြဲလုပ်ချင်နေခဲ့ တဲ့ အရာလေးတွေကို လုပ်ကြည့်ပါ။ ဥပမာ စာအုပ်ဖတ်တာ၊ ရုပ်ရှင်ကြည့်တာ၊ ပန်းချီဆွဲတာ၊ တူရိယာတစ်ခုခု တီးတာမျိုးပေါ့

လေ့ကျင့်ခန်းလုပ်ကြည့်ပါ - အပြင်ထွက်လမ်းလျှောက်ကြည့်ပါ၊ စက်ဘီးစီးကြည့်ပါ။ ဒီလိုတွေလုပ်ဖို့ အဆင် မပြေရင် အိမ်ရှေ့ ဒါမှမဟုတ် အိမ်နောက်ထွက်ပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းအသေးလေးတွေ လုပ်ပါ။  

အသက်ရှူပါ - မနက်ခင်းမှာဖြစ်ဖြစ် ညနေခင်းမှာဖြစ်ဖြစ် အသက်ပြင်းပြင်းရှူတာမျိုး၊ တရားထိုင်တာမျိုး ၁၅ မိနစ်လောက် လုပ်ကြည့်ပါ။ စိတ်ပူပန်မှုတွေ လျော့ကျလာပါလိမ့်မယ်။

အစားသေချာစား၊ အိမ်ချိန်မှန်အောင်အိပ်ပါ - စိတ်ဖိစီးလာတဲ့အခါ အစာစားမဝင်တော့တာ၊ အရမ်းအလွန် အကျွံစားမိတာတွေ ဖြစ်တတ်တာကြောင့် ဂရုစိုက်ပြီး အာဟာရမျှတအောင် စားပါ။ အိပ်တဲ့နေရာမှာလည်း အချိန်မှန်မှန် အိပ်ရေးဝအောင် ကြိုးစားအိပ်ကြည့်ဖို့လိုပါတယ်။

ဒီလိုနည်းလမ်းတွေအားလုံး တပြိုင်တည်း လုပ်ဆောင်စရာမလိုဘဲ၊ ကိုယ်အဆင်ပြေရင် ပြေသလို အခြေအနေနဲ့ ကိုက်ညီအောင် လုပ်သွားရင် ရပါတယ်။ ကိုယ့်ကို စိတ်သက်သာစေမယ့် တခြားအရာတွေ ရှိတယ်ဆိုရင်လည်း ရောပြီး လုပ်လို့ရပါတယ်။ ဒီလိုလေးတွေ ဖြည်းဖြည်းချင်း ပုံမှန်လုပ်သွားမယ်ဆိုရင် စိုးရိမ်ကြောင့်ကြစိတ်တွေကို လျှော့ချနိုင်ပြီး စိတ်ကျန်းမာရေးကို ပိုမိုတိုးတက်လာစေမှာပါနော်။  

We want to hear from you.

Your feedback will be kept private.
Thank you! Your submission has been received!
Oops! Something went wrong while submitting the form.
အနောက်သို့သွားရန်