July 17, 2023

စိတ်ဖိစီးလာရင် ဘယ်လိုဖြေရှင်းကြမလဲ

ဆောင်းပါးတိုများ
,
4.4
MB
,
1 language

ကလေးတို့ စိတ်ဖိစီးတယ်ဆိုတာဘာလဲ သိပါသလား၊ စိတ်ဖိစီးရင်ရော ဘယ်လိုလုပ်သင့်ပါသလဲ။ ဒီအကြောင်းတွေကို ပြောပြပေးသွားမယ့် ဆောင်းပါးတိုဖြစ်ပါတယ်။

ဖြစ်ချင်တာ မဖြစ်လာတဲ့အခါ ဒါမှမဟုတ် မဖြစ်စေချင်တာတွေ ဖြစ်လာတဲ့အခါမှာ စိတ်ထဲမှာ မသက်သာတဲ့ ခံစားချက်မျိုး ပေါ်လာတတ်ပါတယ်။ အဲဒါဟာ စိတ်ဖိစီးမှုပါ။ သားသားမီးမီးတို့ရော စိတ်ဖိစီး ဖူးလား၊ ဘယ်လိုအချိန်တွေ ဖြစ်တတ်လဲ၊ ဖြစ်လာပြီဆိုရင် ဘယ်လို ခံစားရလဲ ပြန်စဉ်းစားကြည့်ကြမယ်နော်။

ရင်တွေတုန်မယ်၊ အသက်ရှူမြန်လာမယ်၊ ဇောချွေးတွေပြန်လာမယ်ဆိုရင် ဒါတွေဟာ စိတ်ဖိစီးချိန် ခံစားရတဲ့ လက္ခဏာတွေပဲနော်။ တစ်ခါတလေ ခေါင်းကိုက်၊ ဗိုက်အောင့်တာမျိုးလည်း ဖြစ်နိုင်တယ်။ အိပ်မပျော်ဘူး၊ အရမ်းအိပ်နေမိတယ်၊ အစား စားမဝင်ဘူး၊ အရမ်းစားနေမိတယ်ဆိုရင်လည်း စိတ်ဖိစီးနေတာကို ပြနေတာ ပါပဲ။ တစ်ခါတလေ အရမ်းစိတ်ဖိစီးလာရင် ကျောင်းစာတွေမှာလည်း အာရုံစိုက်မရတာမျိုး ဖြစ်တတ်တယ်။ စိတ်ဖိစီးတာကို လူတိုင်းကြုံတွေတတ်ရပေမယ့် အရမ်းစိတ်ဖိစီးလာရင်တော့ ကျန်းမာရေး ထိခိုက်နိုင်တယ် နော်။ ဒီတော့ စိတ်ဖိစီးမှုတွေက အတူတူလျှော့ချကြရအောင်။

အဖြေရှာကြမယ်၊ ကြိုတင်ကာကွယ်ကြမယ် - ကိုယ့်ကိုစိတ်ဖိစီးစေတဲ့ အကြောင်းရင်းတွေကိုရှာကြမယ်၊ ဘယ်လိုအချိန်၊ ဘယ်လိုကြောင့်ဖြစ်တတ်လဲ၊ ဖြစ်လာရင် ကိုယ်ဘယ်လိုခံစားရတတ်လဲ သိအောင်လုပ် ကြမယ်။ သိသွားပြီဆိုရင် အဲဒီလိုတွေ မဖြစ်ရအောင်၊ အကယ်၍ ဖြစ်လာရင်လည်း ဖြေလျှော့နိုင်အောင် ကြိုတင်ပြင်ဆင်ထားလို့ရတယ်နော်

အသက်ပြင်းပြင်းရှူကြမယ် - ရင်ထဲမှာရှိနေတဲ့ ဖိစီးမှုတွေ၊ ပူပန်မှုတွေကို လေနဲ့ရှူထုတ်ပစ်လိုက်တယ်လို့ သဘောထားကြမယ်။ ဗိုက်လေး ဖောင်းလာတဲ့ထိ လေတွေတဝကြီးရှူသွင်းလိုက်မယ်၊ ပြီးရင် ပြန်ပိန်သွားတဲ့ ထိ စိတ်ဖိစီးမှုတွေကို ရှူထုတ်ပစ်လိုက်ကြမယ်နော်

ထိန်းချုပ်ကြမယ် - ကိုယ်လုပ်နိုင်တာတွေကိုပဲ အာရုံစိုက်ထားကြစို့။ အခြေအနေ အဖြစ်အပျက်တွေမှာ ကိုယ်တတ်နိုင်တာနဲ့ မတတ်နိုင်တာတွေ ရှိကြတယ်။ ကိုယ်တတ်နိုင်တာ ကိုယ်လုပ်နိုင်တာတွေ လုပ်ကြမယ်။ မတတ်နိုင်တာ မလုပ်နိုင်တာတွေအတွက် စိတ်လျှော့ထားကြရမယ်။  

ဒါဆိုဘယ်လိုအရာတွေကို ကိုယ်လုပ်နိုင်ပြီး ဘယ်လိုအရာတွေကို မလုပ်နိုင်ဘူးလဲ။ ကိုယ်ရဲ့ အပြုအမူတွေ၊ သဘောထားတွေ၊ အတွေးအမြင်တွေ အားလုံးက ကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတယ်။ ကိုယ့်ကိုစိတ်ဖိစီးစေ တဲ့ အလုပ်ကိုမလုပ်ဘူး၊ အတွေးအမြင်တွေ ပြောင်းပစ်မယ်။ ဒါတွေကိုလုပ်လို့ရတယ်။

ဒါပေမဲ့ တခြားသူတွေရဲ့ အပြုအမူတွေ၊ အထင်အမြင်တွေ၊ သဘောထားတွေ၊ ကိုယ်မလုပ်ဘဲ ဖြစ်ပျက်လာတဲ့ အခြေအနေတွေ။ ဒါတွေကို ကိုယ်ထိန်းချုပ်လို့မရဘူး၊ ကိုယ်မလုပ်နိုင်တဲ့အရာတွေကို သတ်မှတ်ရမယ်။ ဒီလို ခွဲခွဲခြားခြားသိမယ်ဆိုရင် စိတ်ကို ထိန်းချုပ်နိုင်မယ်၊ ပူပန်မှုတွေကို လျှော့ချနိုင်သွားမယ်နော်။

အကူအညီတောင်းကြမယ် - တစ်ယောက်တည်း အရမ်းစိတ်ဖိစီးနေတယ်၊ ပူပန်နေတယ်၊ ဘာလုပ်ရမှန်း မသိတော့ဘူးဆိုရင် အကူအညီတောင်းလို့ရတယ်နော်။ အားကိုးရတဲ့သူ ယုံကြည်ရတဲ့သူကို ရင်ဖွင့်လို့ရတယ်၊ ပြောပြလို့ရပါတယ်။

ဒါဆိုရင် စိတ်ဖိစီးရတဲ့ အခြေအနေတွေ ကြုံလာတဲ့အခါ စနစ်တကျ မှန်မှန်ကန်ကန် ဖြေရှင်းတတ်သွားပြီထင်ပါတယ်  

We want to hear from you.

Your feedback will be kept private.
Thank you! Your submission has been received!
Oops! Something went wrong while submitting the form.
အနောက်သို့သွားရန်