An article discussing how children can acknowledge and manage their emotions to achieve mental well-being and happiness.
“အရင်လို သူငယ်ချင်းတွေနဲ့ ကျောင်းတူတူမတက်ရတာ အရမ်းကြာနေပြီပဲ”၊ “အမြဲတမ်း တစ်နေရာပြီး တစ်နေရာ ပြောင်းနေရတယ်၊ သူများတွေလို မိသားစုနဲ့ အိမ်မှာအတည်တကျနေချင်လိုက်တာ”၊ “ဒီတလောထဲ အသိတွေ၊ အမျိုးတွေထဲက ဆုံးသွားတဲ့သူတွေ များလာတယ်၊ စိတ်ညစ်လိုက်တာ” …
ဒီလိုမျိုး မကောင်းတဲ့အတွေးတွေ သူငယ်ချင်းတို့စိတ်ထဲမှာ မကြာခဏတွေးမိနေပြီလား။ ဒါဆိုရင်တော့ ဒီအတွေးတွေကို စိတ်ထဲကနေ ရှင်းထုတ်ပစ်ဖို့လိုနေပါပြီ။ ဘာလို့လဲဆိုတော့ - ဒီမကောင်းတဲ့အတွေးတွေက သံချေးနဲ့တူတယ်။ သစ်လွင်တောက်ပနေတဲ့ သံချောင်းလေးတစ်ချောင်းမှာ သံချေးစပြီးတက်လာပြီဆိုတာနဲ့ တဖြေးဖြေးနဲ့ လှိုက်စားလာလိုက်တာ၊ အချိန်ကြာလာရင် သံတစ်ချောင်းလုံး သံချေးတွေစားပြီး အညစ်အကြေးတွေနဲ့ စွန်းထင်းသွားတတ်တယ်လေ … ။ ဒီတော့ - သူငယ်ချင်းတို့မှာ ဒီလို မကောင်းတဲ့အတွေးတွေ ဝင်လာပြီဆိုရင် ဒါတွေကိုဖယ်ထုတ်ပြီး အကောင်းမြင်တဲ့စိတ်ကို ပြန်မွေးယူဖို့လိုအပ်တာပေါ့။
သူငယ်ချင်းတို့ရဲ့ ခံစားချက်တွေဟာ ကိုယ်တွေးနေတဲ့ အတွေးတွေအပေါ်မှာ အများကြီးမူတည်ပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ကိုညစ်ညူးစေတဲ့ ကိစ္စတွေနဲ့ ကြုံလာပြီဆိုရင် အကောင်းဘက်ကလှည့်ပြီး ပြန်တွေးပေးဖို့လိုတယ်နော်။ ဒါမှ ကိုယ့်ရဲ့ခံစားချက်လေးတွေ ညစ်ညူးမသွားဘဲ ရှေ့ဆက်သွားဖို့ခွန်အားတွေရလာမှာပေါ့။ ဥပမာ တစ်ခုပြောပြမယ်နော် …
ဆိုပါတော့ - သူငယ်ချင်းတို့ရဲ့ ပတ်ဝန်းကျင်က မိတ်ဆွေတွေ၊ အသိတွေ အကြောင်းကြောင်းကြောင့် ဆုံးပါးသွားကြတယ်။ ဒါကြောင့် စိုးရိမ်ပူပန်စိတ်တွေနဲ့ ဝမ်းနည်းနေတတ်တယ်။ ဒါဟာ ပုံမှန်ဖြစ်လေ့ရှိတဲ့ တုန့်ပြန်ခံစားမှုတွေပါ။ ဒါပေမယ့် - ဒီခံစားချက်တွေကို စိတ်ထဲမှာအချိန်အကြာကြီး သယ်မထားဘဲနဲ့ အကောင်းမြင်စိတ်နဲ့ ပြောင်းတွေးဖို့လိုတယ်နော်။ “ငါ့မှာ ကျန်းမာတဲ့ မိဘနှစ်ပါးရှိနေသေးတယ်၊ ငါကိုယ်တိုင်လည်း ကျန်းမာနေသေးတယ်။ ဒီတော့ - ရှေ့ဆက်ပြီး ငါကိုယ်တိုင်ရော၊ မိဘတွေကိုရော ကျန်းမာအောင် စောင့်ရှောက်ရမယ်” - ဆိုပြီး ပြန်တွေးတာမျိုးပေါ့ … ။ နားလည်တယ်ဟုတ် …
အဓိကကတော့ - ကိုယ်ထိန်းချုပ်နိုင်စွမ်းမရှိတဲ့ ကိစ္စတွေအပေါ် ပူဆွေးမနေဘဲ၊ ကိုယ့်ရဲ့ ထိန်းချုပ်နိုင်စွမ်းအောက်က ကိုယ်လုပ်နိုင်တဲ့အရာတွေကို အာရုံစိုက်၊ ဒီအရာတွေကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်ဖို့က ပိုအရေးကြီးတယ် သူငယ်ချင်းရေ။ ကိုယ်လုပ်နိုင်တဲ့အရာတွေကိုပဲ အာရုံစိုက်လိုက်တဲ့အခါ ရှေ့ဆက်သွားရမယ့် လမ်းကိုပိုပြီးမြင်လာမယ်၊ ဒီလိုနဲ့ ကောင်းတဲ့အတွေးတွေ ပိုပြီးဝင်လာမှာပါ …
အခုပြောချင်တာကို သူငယ်ချင်းနားလည်လောက်မယ်ထင်ပါတယ် … မင်းလုပ်နိုင်ပါတယ် သူငယ်ချင်းရေ … ဒီတော့ - စိတ်ထဲမှာရှိနေတဲ့ မကောင်းတဲ့အတွေးတွေကို ခုပဲ ဖျောက်လိုက်ကြရအောင်ကွာ။
We want to hear from you.